ပရီးမီးယားလိဒ်ရဲ့ဆယ်စုနှစ်တစ်ခုကိုနောက်ပြန်လှည့်ကြည့်တဲ့အခါ ခရစ်စမတ်ရဲ့နံပါတ် ၁ အသင်းကဖလားနှင့်အတူရာသီပိတ်သိမ်းခဲ့တာရှစ်ရာသီတိတိရှိခဲ့ပါတယ်။ထိုအတောအတွင်းမှာဖလားနှင့်ရာသီမသိမ်းခဲ့တဲ့အသင်းဟာလီဗာပူးလ်အသင်းဖြစ်နေတာတကယ်ကိုစိတ်မကောင်းစရာပါ။ ၂၀၀၈-၂၀၀၉ ခုနှစ်ဂျရတ်နှင့်တောရက်စ်ဦးဆောင်တဲ့ဘင်နီတက်ဇ်ရဲ့လီဗာပူးလ်ဟာခရစ်စမတ်မှာအဆင့် ၁ နေရာတွင်ရပ်တည်နိုင်ခဲ့ပေမယ့်ပရီးမီးယားလိဒ်ရာသီပြီးဆုံးချိန်မှာတော့ချန်ပီယံမန်ယူရဲ့ ၄ မှတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။
ထိုနှစ်တွင်လီဗာပူးလ်အသင်းဟာရှုံးပွဲနှစ်ပွဲသာကြုံတွေ့ခဲ့ပေမယ့်သရေပွဲများလွန်းနေခဲ့သောကြောင့်ဖလားနှင့်လွဲချော်ခဲ့ရခြင်းဖြစ်သည်။ထိုအသင်းရဲ့သရေပွဲများလွန်းရတဲ့အကြောင်းရင်းကတော့ပွဲထွက်ကစားသမား ၁၁ ဦးအပြင်အရံအင်အားမတောင့်တင်းခြင်းကြောင့်ဖြစ်သည်။
နောက်တစ်ရာသီဖြစ်တဲ့ ၂၀၁၂-၂၀၁၃ ကဂျရတ်နှင့်ဆွာရက်ဇ်တို့ဦးဆောင်တဲ့ဘရန်ဒါန်ရော်ဂျာရဲ့လီဗာပူးလ်အသင်းဟာခရစ်စမတ်ရဲ့ပရီးမီးယားလိဒ်အဆင့် ၁ ဖြစ်ခဲ့ပါတယ်။သို့သော်ဂျရတ်ရဲ့နာမည်ကြီးချော်လဲမှုအပြင်ပဲလေ့စ်အသင်းကို ၃ ဂိုးစီသရေကျအောင်ကစားခဲ့တဲ့ပွဲတွေကြောင့်ပရီးမီးယားလိဒ်ရာသီပြီးဆုံးချိန်မှာချန်ပီယံမန်စီးတီးရဲ့ ၂ မှတ်ဖြတ်ခြင်းခံခဲ့ရပြန်ပါတယ်။ထိုရာသီရဲ့ဖလားနှင့်လွဲချော်ရခြင်းအဓိကအကြောင်းရင်းကိုပြန်လည်သုံးသပ်တဲ့အခါမှာအသင်းရဲ့အရံအင်အားမတောင့်တင်းခြင်းအပြင်တိုက်စစ်က ၃ ဂိုးသွင်းရင် ၃ ဂိုးပြန်ပေးတတ်တဲ့ခံစစ်မျိုးကြောင့်ဖြစ်တာကိုမြင်တွေ့ခဲ့ရပါတယ်။
ထိုခုနှစ်ကဖလားလွဲချော်ခဲ့တဲ့လီဗာပူးလ်အသင်းဟာပရီးမီးယားလိဒ်ရဲ့ကြောက်ခမန်းလိလိတိုက်စစ်တွဲဖြစ်တဲ့ ဆွာရက်ဇ်၊စတားရစ်ခ်ျ၊စတာလင်တို့ကိုပိုင်ဆိုင်ခဲ့ပေမယ့်တစရာသီလုံးမှာမှ clean sheets ၁၀ ကြိမ်သာရခဲ့ခြင်းကချန်ပီယံဖြစ်ထိုက်တဲ့ခံစစ်မပိုင်ဆိုင်ခဲ့ကြောင်းကိုပိုမိုသိသာစေပါတယ်။
ယခု ၂၀၁၈-၂၀၁၉ ဘော့လုံးရာသီမှာတော့ ဆာလ၊ဖာမီနို၊မာနေးနှင့်ဗန်ဒိုက်တို့ဦးဆောင်တဲ့ဂျာဂင်ကလော့ပ်ရဲ့လီဗာပူးလ်အသင်းဟာ ၁၀ နှစ်အတွင်းတတိယအကြိမ်အဖြစ်ခရစ်စမတ်ရဲ့ပရီးမီးယားလိဒ်နံပါတ် ၁ ဖြစ်လာခဲ့ပြန်ပါပြီ။
ပရိသတ်တွေရင်ထဲမှာတော့အတိတ်ကဖြစ်ရပ်တွေကြောင့်စိတ်လှုပ်ရှားမှုတွေ၊စိုးရိမ်ပူပန်မှုတွေပြည့်နှက်နေမှာတော့အမှန်ပါပဲ။ဒါပေမယ့်ဒီဂျာဂင်ကလော့ပ်ရဲ့လီဗာပူးလ်အသင်းဟာအတိတ်ကဘင်နီတက်နှင့်ရောဂျာတို့ရဲ့အသင်းနှင့်လုံးဝမတူညီတဲ့အသင်းဖြစ်ပါတယ်။တစ်ချိန်ကအရံအင်အားမတောင့်တင်းတဲ့အသင်း၊ခံစစ်အားနည်းတဲ့အသင်းဟာယခုချိန်မှတော့ပွဲထွက်လူစာရင်း ၇ နေရာအပြောင်းလဲလုပ်ရင်တောင်နိုင်ပွဲရယူနိုင်တဲ့အသင်းဖြစ်သလို ပရီးမီးယားလိဒ် ၁၈ ပွဲအပြီးမှာ clean sheets ၁၁ ကြိမ်အထိရယူနိုင်တဲ့ခံစစ်မျိုးပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပါတယ်။
အဆုံးသတ်အနေနဲ့လက်ရှိအသင်းရဲ့အနေအထား၊ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းပရီးမီးယားလိဒ်ရဲ့ခရစ်စမတ်နံပါတ် ၁ ဖြစ်တဲ့အသင်း ၈ သင်းကရာသီပိတ်သိမ်းချိန်မှာဖလားနှင့်အတူရာသီသိမ်းခဲ့တဲ့မှတ်တမ်းတွေကိုကြည့်ခြင်းအားဖြင့်လီဗာပူးလ်အသင်းရဲ့ဦးတည်ရာပန်းတိုင်ကပရိသတ်တွေကိုအမှန်တကယ်စိတ်လှုပ်ရှားစေတာမြေကြီးလက်ခတ်မလွဲတဲ့အမှန်တရားပါ။သို့သော်ရှည်လျားတဲ့ပရီးမီးယားလိဒ်ခရီးကြောင့်အချိန်မတန်ခင်အပျော်မလွန်ဖို့ပရိသတ်များအနေနဲ့စဉ်ခြင်သင့်ကြောင်းတိုက်တွန်းရင်း……..
Albert Sihsing.
